Tuesday, June 18, 2019

ဗျာဒိတ်ကျမ်း အခန်းကြီး ၅

 ထိုအခါ တဘက်တချက်၌ အက္ခရာတင်၍ တံဆိပ်ခုနှစ်ချက်ခတ်သော စာစောင်ကို ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသောသူ၏ လက်က်ျာလက်၌ ငါမြင်၏။
 အားကြီးသော ကောင်းကင်တမန် တပါးက၊ ထိုစာစောင်ကို ဖွင့်၍ တံဆိပ်တို့ကိုခွါခြင်းငှါ အဘယ်သူထိုက်သနည်းဟု ကြီးသောအသံနှင့် ကြွေးကြော်လျက်ရှိသည်ကို ငါမြင်၏။
 ထိုစာစောင်ကို ဖွင့်၍ကြည့်ခြင်းငှါ၊ ကောင်းကင်၊ မြေကြီး၊ မြေကြီးအောက်၌ အဘယ်သူမျှမတတ်နိုင်။ ထိုစာစောင် ကိုဖွင့်၍ ကြည့်ထိုက်သောသူ တယောက်ကိုမျှ ရှာ၍မတွေ့သောကြောင့်၊ ငါသည်များစွာ ငိုကြွေးလေ၏။
 ထိုအခါ အသက်ကြီးသောသူတပါးက၊ မငိုကြွေးနှင့်။ ယုဒအမျိုးခြင်္သေ့တည်းဟူသော ဒါဝိဒ်၏အမြစ်သည် ထိုစာစောင်ကို၎င်း၊
 တံဆိပ်ခုနှစ်ချက် တို့ကို၎င်း၊ ဖွင့်ခြင်းငှါ အောင်မြင်လေပြီဟု ငါ့ကိုပြောဆို၏။
 ထိုအခါ ပလ္လင်တော်မှစသော သတ္တဝါလေးပါးနှင့် အသက်ကြီးသူတို့အလယ်၌၊ အသေသတ်ပြီး သကဲ့သို့သော သိုးသငယ်သည် ရပ်လျက်ရှိသည်ကို ငါမြင်၏။ ထိုသိုးသငယ်သည် မြေကြီး တပြင်လုံး၌ လွှတ်သောဘုရားသခင်၏ ဝိညာဉ်ခုနစ်ပါးတည်းဟူသော မျက်စိခုနစ်လုံးနှင့် ချိုခုနစ်ချောင်းရှိ၏။
 သူသည် လာ၍ ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသော သူ၏လက်ျာလက်မှစာစောင်ကို ခံယူလေ၏။
 ထိုစာစောင်ကို ခံယူသောအခါ၊ သတ္တဝါလေးပါးနှင့် အသက်ကြီးသူ နှစ်ဆယ်လေးပါးတို့သည်၊ သန့်ရှင်းသူတို့၏ ပဌနာတည်းဟူသော  မီးရှို့ရာနံ့သာပေါင်းနှင့်ပြည့်သော  ရွှေဖလားတို့ကို၎င်း၊ စောင်းတို့ကို၎င်း၊ အသီးသီး ကိုင်၍၊ သိုးသငယ်ရှေ့၌ ပြပ်ဝပ်လျက်၊
 ကိုယ်တော်သည် အသေသတ်ခြင်းကို ခံတော်မူသောအားဖြင့်၊ အသီးအသီး ဘာသာစကားကိုပြောသော လူအမျိုးအနွှယ်ခပ်သိမ်း တို့အထဲမှ အကျွန်ုပ်တို့ကိုယူ၍၊ အသွေးတော်နှင့် ဘုရားသခင်အဘို့ ရွေးနှုတ်တော်မူ၏။
၁၀ အကျွန်ုပ်တို့၏ ဘုရားသခင့်ရှေ့မှာ၊ ရှင်ဘုရင်အရာ၌၎င်း၊ ယဇ်ပုရောဟိတ်အရာ၌၎င်း၊ ခန့်ထား၍၊ မြေကြီးပေါ်မှာ စိုးစံရသောအခွင့်ကို ပေးတော်မူ၏။ ထိုကြောင့်၊ ကိုယ်တော်သည် စာစောင်ကိုခံယူ၍ တံဆိပ်တို့ကို ဖွင့်ထိုက်တော်မူ၏ဟု အသစ်သောသီချင်းကိုသီ၍ လျှောက်ဆိုကြ၏။
၁၁ ထိုအခါငါကြည့်၍၊ ပလ္လင်တော်မှစသော သတ္တဝါတို့နှင့် အသက်ကြီးသူတို့၏ ပတ်ဝန်းကျင်၌၊ ကုဋေသင်္ချေမက အတိုင်းမသိများစွာသော ကောင်းကင်တမန်တို့၏အသံကို ငါကြား၏။
၁၂ ထိုသူတို့ကလည်း၊ အသေသတ်ခြင်းကို ခံခဲ့ပြီးသောသိုးသငယ်သည်၊ တန်ခိုး၊ စည်းစိမ်၊ ပညာ၊ အစွမ်းသတ္တိ၊ ဂုဏ်အသရေ၊ ဘုန်းအာနုဘော်၊ ကောင်းကြီးမင်္ဂလာကို ခံထိုက်တော်မူ၏ဟု၊ ကြီးသောအသံနှင့် ပြောဆိုကြ၏။
၁၃ ကောင်းကင်၊ မြေကြီး၊ မြေကြီးအောက်၊ သမုဒ္ဒရာအထဲ၊ အရပ်ရပ်တို့၌ ရှိရှိသမျှသော ဝေနေယျသတ္တဝါအပေါင်းတို့က၊ ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသောသူနှင့် သိုးသငယ်သည် ကမ္ဘာ အဆက်ဆက် ကောင်းကြီးမင်္ဂလာ၊ ဂုဏ်အသရေ၊ ဘုန်းအာနုဘော်၊ အစွမ်းသတ္တိရှိတော်မူ စေသတည်းဟု ပြောဆိုကြသည်ကို ငါကြားလေ၏။
၁၄ သတ္တဝါလေးပါးတို့ကလည်း အာမင်ဟု ခေါ်ဝေါ်ကြ၏။ အသက်ကြီးသူတို့သည်လည်း ပြပ်ဝပ်၍ ကိုးကွယ်ကြ၏။